(၂၃-၄-၂၀၂၂ ရက်၊ ရန်ကုန်)
“သားကောင်းတမန်မဂ္ဂဇင်း” (၂၀၂၁)ခုနှစ် ထုတ်ဝေခြင်း အခမ်းအနားကို ၂၃-၄-၂၀၂၂ ရက်နေ့၊ နံနက် ၁၁၀၀ နာရီ က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့အပြင် စာမူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (အငြိမ်းစား) ဦးညွှန့်ဆွေမှ နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၁) ခုနှစ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်း တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ရာ ယခုထုတ်ဝေသည့် မဂ္ဂဇင်းသည် (၂၃) ကြိမ်မြောက် စာအုပ်ဖြစ်ပါသည်။
မဂ္ဂဇင်းတွင် ဝါရင့်သံတမန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံတမန်များ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပြင်ပစာမူရှင်များမှ ၎င်းတို့ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတွေ့အကြုံဗဟုသုတများ၊ သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာဆိုင်ရာများအား မြန်မာစာကဏ္ဍနှင့် အင်္ဂလိပ်စာကဏ္ဍများတွင် သုတရသစုံလင်စွာ ရေးသားထားကြပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၁) ခုနှစ် ထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်ကြသူများအား ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုနေလယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။





