

(၈-၃-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းသံအမတ်ကြီး မစ္စစ် ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ် အား ၈-၃-၂၀၂၂ ရက် (အင်္ဂါနေ့)၊ (၁၃၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက် ရေးလုပ်ငန်းစဉ်များအတွက် အဆက်မပြတ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များကိုလည်း ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

