

(၈-၃-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းသံအမတ်ကြီး မစ္စစ် ဆူဖတ်ထရာ ဆရီမိုင်းသရီဖိတပ် အား ၈-၃-၂၀၂၂ ရက် (အင်္ဂါနေ့)၊ (၁၆၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ- ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးစသည့် ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

