(၂-၉-၂၀၂၃ ရက်၊ စနေနေ့)
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂-၉-၂၀၂၃ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများမှ စခန်းအတွင်း ပြန်လည်လက်ခံနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း (တောင်) ကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ နေရပ်စွန့်ခွာသူများအတွက် စီမံဆောင်ရွက်ထားသည့် အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေကွက်များကို လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဆက်လက်ထွက်ခွာကြရာ လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိကြပြီး ပြန်လည်ဝင်ရောက်လာမည့်သူများအား လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတွင် ခေတ္တနေထိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စခန်းအတွင်း ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။




