သတင်းထုတ်ပြန်ချက်(၅-၅-၂၀၂၃ ရက်)

(၅-၅-၂၀၂၃ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation – SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးကာလ အတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့မှ ၅-၅-၂၀၂၃ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြသည်။ SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင်  အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။