
(၁၈-၃-၂၀၂၂ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင် အဗ္ဗဒူ(လ်) လာ အယ်လ်စုဘိုင် အား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်၊ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျ နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုတွင် ယုံကြည်ကိုးကွယ်မှု မတူညီသူများအကြား သဟဇာတဖြစ်မှု၏ အရေးကြီးမှု၊ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်စသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

