ဝါရှင်တန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ တို့ ပူးတွဲကျင်းပသည့် 2022 Gala Reception အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက်(၅-၁၂-၂၀၂၂ရက်)

(၁၂၂၀၂၂ ရက်၊ ဝါရှင်တန်)

အာဆီယံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးကို ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (ASEAN-U.S. Comprehensive Strategic Partnership) အဆင့်သို့ တိုးမြှင့်နိုင်ခြင်းနှင့် နှစ်ဖက်အကြား ကုန်သွယ်မှုဆက်ဆံရေး အရှိန်မြင့်တက်လာခြင်း တို့အတွက် ဂုဏ်ပြုသော အားဖြင့် ဝါရှင်တန်ဒီစီအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသော အာဆီယံကော်မတီ (ASEAN Committee in Washington-ACW) နှင့် အမေရိကန်အာဆီယံ စီးပွားရေးကောင်စီ (U.S-ASEAN Business Council) တို့ ပူးတွဲကျင်းပသည့် 2022 Gala Reception မိတ်သင်္ဂဟတွေ့ဆုံဧည့်ခံပွဲအခမ်းအနားအား Ritz-Carlton ဟိုတယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ () ရက်၊ (၁၈၀၀) နာရီမှ (၂၀၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။

 

အဆိုပါအခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးသက်ဝင်း ဦးဆောင်သော ဝန်ထမ်းများသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများနှင့်အတူ မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့လက်မှုအနုပညာလက်ရာများနှင့် မြန်မာ့ရှုခင်း ဗီဒီယိုပြကွက်များ ထည့်သွင်းပြလျက် ပါဝင်တက်ရောက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာဌာန၊ လက်ထောက်ဝန်ကြီးမစ္စတာ ဒယ်နီရယ်ဂျေ ခရစ်တင်ဘရင့် (Mr. Daniel J. Kritenbrink, Assistant Secretary of State for East Asian and Pacific Affairs) သည် အထူး ဧည့်သည်တော်အဖြစ် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့အပြင်အမေရိကန်အာဆီယံ စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူးဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် Marriott International အပြည်ပြည်ဆိုင်ရာဌာနခွဲ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Craig Smith   အာဆီယံ ကော်မတီ အလှည့်ကျဥက္ကဋ္ဌ၊ဗီယက်နမ် သံအမတ်ကြီး H.E. Mr. Nguyen Quoc Dzung နှင့် အမေရိကန်အာဆီယံ စီးပွားရေး ကောင်စီ၏အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ၊ အငြိမ်းစား သံအမတ်ကြီး Mr. Ted Osius တို့ကလည်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။

အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန် စီးပွားရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝါရှင်တန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။