အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle–ASC) ၏ လှုပ်ရှားမှုအစီအစဉ်အဖြစ် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို မိတ်ဆက်သည့် “A Taste of Myanmar New Year: Celebrating the Joy of Thingyan with Traditional Myanmar Sweet Rice Balls and Cultural Dance” အခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါ်ဝင့်ဝင့်လှိုင် ဦးဆောင်၍ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ရှိ အမျိုးသမီးသံတမန်များနှင့် မိသားစုဝင်များသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ဇနီးများ၊ သံတမန်များ၊ အာဆီယံအမျိုးသမီးအသင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီး၏ဇနီး ဒေါ်ဝင့်ဝင့်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် မိတ်ဆက်ပွဲသို့ ကြွရောက်လာကြသည့် ဧည့်သည်တော်များအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်္ကြန်ပွဲတော်သည် ပုဂံခေတ်မှစတင်ခဲ့ပြီး အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအခြေပြု သံခင်းတမန်ခင်းသည် နိုင်ငံများနှင့် ပြည်သူများအကြား ပိုမိုနီးကပ်စွာ ဆက်ဆံနိုင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ရာ သင်္ကြန်ပွဲတော်ကို မိတ်ဆက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အစဉ်အလာများကို အာဆီယံနှင့် အခြားသောမိတ်ဆွေများထံသို့ မျှဝေရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာသံအမတ်ကြီး၏ဇနီးက ဧည့်သည်တော်များကို ပိတောက်ခက်ဖြင့် အတာရေ ပက်ဖျန်း၍ သင်္ကြန်ရိုးရာအား ဖော်ကျူးခဲ့ပါသည်။ ထို့နောက် “မြနန္ဒာ” သီချင်းဖြင့် မြန်မာ့ရိုးရာသင်္ကြန်အက တင်ဆက်ကပြခြင်း၊ သင်္ကြန်ကာလ၏ အထိမ်းအမှတ်ဖြစ်သည့် မြန်မာ့ရိုးရာ မုန့်လုံးရေပေါ် ပြုလုပ်ပုံ အဆင့်ဆင့်ကို သရုပ်ဖော်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဧည့်သည်တော်များနှင့် တက်ရောက်လာသူများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ယင်းနောက် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ ကြပြီး၊ နေ့လယ်စာ ထောပတ်ထမင်းနှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။




