လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ASEAN Women Circle of Los Angeles (AWCLA) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ထိုင်း ကောင်စစ်ဝန်ချုပ်ရုံးကကြီးမှူး၍ ၂၅-၄-၂၀၂၆ ရက်၊ ၁၈၀၀ နာရီတွင် လော့စ်အိန်ဂျယ်လိစ်မြို့၊ UCLA ရှိ Northwest Campus Auditorium ၌ ကျင်းပသည့် “Rhythms of ASEAN: Where Colors, Cultures and Hearts Align” ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် AWCLA ၏ ၂၀၂၆-၂၀၂၇ ခုနှစ်အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည့် ထိုင်းကောင်စစ်ဝန်ချုပ်၏ဇနီး Madam Sirigamon Saralamba က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ ရိုးရာယဉ်ကျေးမှုအက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာရိုးရာရုပ်သေးအကနှင့် မြန်မာအကတို့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ထိုင်းကောင်စစ်ဝန်ချုပ်၏ဇနီး Madam Sirigamon Saralamba က ဖျော်ဖြေသူများအား အမှတ်တရပန်းစည်းများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အခမ်းအနားတွင် အာဆီယံသံရုံးများမှ နိုင်ငံအလိုက် ယဉ်ကျေးမှုပြခန်းများဖွင့်လှစ်၍ ပြသခဲ့ကြပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ ယွန်းထည်များ၊ ချည်ထည်များ၊ ကျောက်စိမ်းနှင့်ပယင်းလက်ဝတ်ရတနာများကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါယဉ်ကျေးမှုဖျော်ဖြေပွဲသို့ ဧည့်ပရိသတ် ၂၅၀ ကျော်ပါဝင်တက်ရောက်ခဲ့ပါသည်။



