လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၁၀-၂-၂၀၂၂ ရက်၊ နေပြည်တော်) 

မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှ တစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force) ၏ စတုတ္ထ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ၁၀-၂-၂၀၂၂ ရက် (ကြာသပတေးနေ့)၊ ၁၅:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အဖွဲ့ဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ Task Force  အဖွဲ့၏ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပထမအဆင့် (Phase-1) သည် မကြာမီအချိန်အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် Phase 2 အတွက် အာဆီယံက လှူဒါန်းမည့် အကူအညီများ လက်ခံရယူရာ၌ မူဝါဒချမှတ်နိုင်ရေး၊ ပစ္စည်း များအား အမှန်တကယ်လိုအပ်နေသူများထံသို့ လုံခြုံစွာနှင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိ ရေး၊ မိမိနိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် ပစ္စည်းများ လက်ခံရရှိရေးတို့အတွက် Task Force အဖွဲ့ဝင်များအားလုံးအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ AHA Centre တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဒုတိယအဆင့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ပြင်ဆင်ထားသည့် စီမံချက်နှင့် အကူအညီများ ဖြန့်ဖြူးရာတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။