(၂၅-၈-၂၀၂၁ ရက်၊ နေပြည်တော်)
အာဆီယံ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) ကပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၈-၂၀၂၁ ရက်နေ့၊ ၁၄:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ဥက္ကဌ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံခေါင်းဆောင်ကြီးများ အစည်းအဝေး တွင် သဘောတူညီခဲ့ကြသည့် တူညီဆန္ဒ (၅)ချက်အနက် စတုတ္ထအချက်အား အကောင်အထည် ဖော်သည့်အနေဖြင့် အာဆီယံဝင်နိုင်ငံများ၊ ဆွေးနွေးဖက် ဆက်ဆံရေးနိုင်ငံများနှင့် ဖွံဖြိုးမှု မိတ်ဖက် ဆက်ဆံရေးနိုင်ငံများထံမှ စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ထိထိရောက် ရောက်နှင့် စီမံခန့်ခွဲလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေရေးအတွက် ဤလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံမှ ပေးအပ်မည့် အကူအညီများအနေဖြင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာကြတော့မှာဖြစ်ပါကြောင်း၊ အဆိုပါဆေးဝါးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား သယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင် အခက်အခဲ မရှိစေရေး အာဆီယံ AHA Centre ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားကြရန်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မိတ်ဆွေနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ထိရောက်စွာလုပ်ဆောင်နိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ ပံ့ပိုးမှုလုပ်ငန်းကို ကာလတို (Phase-1)နှင့် ကာလရှည် (Phase-2) အဆင့်(၂)ဆင့်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းမှုအခြေအနေများ၊ ပစ္စည်းများရောက်ရှိမည့် အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီများအား (AHA Centre) မှတစ်ဆင့် ပေးအပ်မည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေးကို ( ၁၆:၃၀ )နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။



