(၃၀–၁၁–၂၀၂၂ ရက်၊ ဗီယင်ကျန်း)
မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ – ၂၀၂၀ ဖြင့် ဆောင်ရွက်သည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွမ်ဘရာဘမ်မြို့တို့သို့ ၂၇–၁၁–၂၀၂၂ ရက်မှ ၃–၁၂–၂၀၂၂ ရက်အထိ လေ့လာခရီး လာရောက်လျက်ရှိပါသည်။
အဆိုပါ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖွင့်ပွဲအခမ်းအနားကို ၂၈–၁၁–၂၀၂၂ ရက်တွင်လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Moung Thanh Luxury Vientiane Hotel ၌ ကျင်းပခဲ့ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အရာထမ်းများ၊ လာအိုနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာမှ ကိုယ်စားလှယ်များ၊ Laos Front for National Development မှ ကိုယ်စားလှယ်များ၊ လာအိုနိုင်ငံ Institute of Social and Science မှ ကိုယ်စားလှယ်များ၊ မဲခေါင်–လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


