(၂၉-၉-၂၀၂၆၊ ဗီယင်ကျန်း)
မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့က ၂၀၂၆ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံပူးပေါင်းညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း) ၏ အစည်းအဝေးကို မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် လာအိုနိုင်ငံ၊ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ H.E. Phongsavanh Sisoulath၊ ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ လာအိုနိုင်ငံ စက်မှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော် Department of Policy, Planning and Evaluation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လာအိုနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ကိုယ်ခွဲအာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ Mr. Boualom Saysanavong တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ရလဒ်များနှင့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် လာအိုနိုင်ငံ၏ အမျိုးသားစွမ်းအင်ဖွံ့ ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ဒေသတွင်း နယ်စပ်ဖြတ်ကျော်စွမ်းအင် ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် အခြေအနေများကိုလည်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအတွင်း အာဆီယံ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံဗဟိုအချက်အခြာကျမှုကို ဆက်လက်မြှင့်တင်ရေး ကိစ္စရပ်တို့အပေါ် အလေးထားဆွေးနွေးခဲ့သည်။ အစည်းအဝေးအပြီးတွင် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် နေ့လယ်စာဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ပါသည်။



