(၁၂-၁-၂၀၂၆ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် အာဆီယံညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း) (ASEAN Consultative Meeting-ACM) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Ms. Grata Endah Werdaningtyas ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊ တနင်္လာနေ့၊ နံနက် ၁၀:၃၀ နာရီတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Souphattra ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အာဆီယံညှိနှိုင်းမှုအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အာဆီယံဆိုင်ရာ လာအိုအဆင့်မြင့်အရာရှိကြီးဖြစ်သူ H.E. Mr. Phongsavanh Sisoulath နှင့် အာဆီယံသံရုံး အကြီးအကဲများတက်ရောက်ခဲ့သည်။ အစည်းအဝေး၌ ACM ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသံအမတ်ကြီးက ၎င်းတာဝန်ယူသည့်ကာလအတွင်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခြင်း၊ H.E. Mr. Phongsavanh Sisoulath ကလာအိုနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့်ကာလအတွင်း မလေးရှားနိုင်ငံက ရရှိခဲ့သည့် ရလဒ်များကို လာအိုနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးက ရှင်းလင်းဆွေးနွေးခြင်းနှင့် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဖိလစ်ပိုင်နိုင်ငံက ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်သွားမည့် ဦးစားပေးနယ်ပယ်များကို လာအိုနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ရှင်းလင်း ဆွေးနွေး ခြင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် အင်ဒိုနီးရှားသံအမတ်ကြီးက အာဆီယံညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားသံအမတ်ကြီး H.E. Mr. Edi Irwan Bin Mahmud ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားသံအမတ်ကြီးက လာအိုနိုင်ငံ ခြားရေးဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ၊ အာဆီယံသံရုံးအကြီးအကဲများ နှင့် ကိုယ်စားလှယ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။




