လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် (၅၈) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အာဆီယံမိသားစုနေ့ ကျင်းပ (၂၃-၈-၂၀၂၅ ရက်)

(၂၃-၈-၂၀၂၅ ရက်၊ ဗီယင်ကျန်း)

(၅၈)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အနေဖြင့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံးများ စုပေါင်းကျင်းပသည့် အာဆီယံမိသားစုနေ့ အခမ်းအနားကို ၂၃-၈-၂၀၂၅ ရက်၊ စနေနေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ Patuxay ပန်းခြံ၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးအောင်ကို နှင့် ဇနီးတို့သည် မြန်မာစစ်သံမှူး(ကြည်း၊ရေ၊လေ)၊ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် တီမောလက်စ် တေသံရုံးတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင် များအပြင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ နံနက် ၀၆၃၀ နာရီမှ ၀၇၀၀နာရီအထိ အခမ်းအနားတက်ရောက် လာသူများက Patuxay အောင်မြင်မှုမုဒ်ဦးဘေးတလျှောက် စုပေါင်းလမ်းလျှောက်ကြပါသည်။ ထို့နောက် အာဆီယံအထိမ်းအမှတ်သီချင်းဖွင့်လှစ်ပြီးနောက် ဗီယင်ကျန်းမြို့ အာဆီယံညှိနှိုင်းမှုအစည်းအဝေး၏ လက်ရှိညှိနှိုင်းရေးမှူးဖြစ်သူ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Ms Grata Endah Werdaningtyas နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sengpraarthid SNOOKPHONE တို့က အဖွင့်မိန့်ခွန်းအသီးသီး ပြောကြားကြပါသည်။ ဆက်လက်၍ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်း၊ အေရိုးဗစ်အားကစားစုပေါင်းကစားခြင်း၊ စုပေါင်းချစ်ကြည်ရေးနံနက်စာသုံးဆောင်ခြင်း၊ ယဉ်ကျေးမှုရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ကံစမ်းမဲဖောက်ခြင်း စသည့်အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၁၀၃၀ နာရီတွင် အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးအနေနှင့် မြန်မာရိုးရာ နံနက်စာစားဖွယ်ရာများဖြင့် ကော်ဖီတို့ဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။