(၂-၄-၂၀၂၆ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၁၅၃၀ နာရီတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည့် လာအိုနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihan အား ဒုတိယဝန်ကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံရခြင်းအတွက် ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများက သွားရောက် ဂုဏ်ပြုဂါရဝပြု တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားကို အာဆီယံညှိနှိုင်းမှုအစည်းအဝေး (ဗီယင်ကျန်း) (ASEAN Consultative Meeting-ACM) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားသံအမတ်ကြီး H.E.Mr. Edi Irwan Mahmud က ဦးဆောင်၍ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝက်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ ACM ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားသံအမတ်ကြီးက လာအိုနိုင်ငံခြားရေးဝန်ကြီးအား ယခုကဲ့သို့ ဒုတိယဝန်ကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရသည့်အတွက် အာဆီယံသံရုံးများက များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီယင်ကျန်းမြို့အခြေစိုက် အာဆီယံသံရုံးများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း မိမိတို့အာဆီယံသံရုံးများနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အာဆီယံသံရုံးအကြီးအကဲများကိုယ်စား ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihan က ယခုကဲ့သို့ အာဆီယံသံရုံးအကြီးအကဲများက စုစုစည်းစည်းဖြင့် လာရောက်၍ ဂုဏ်ပြုတွေ့ဆုံကြ သည့်အတွက် များစွာအလေးထား ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လာအိုနိုင်ငံအပေါ် အစဉ်အမြဲ ကူညီအားပေးထောက်ခံမှုများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အနာဂတ်တွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေးမူဘောင်အတွက်သာမက အာဆီယံနှင့်ပတ်သက်သည့် ချစ်ကြည်ရေး လှုပ်ရှားမှုများတွင် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံသံရုံးများနှင့် တက်ကြွစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးထံသို့ အာဆီယံသံရုံးအကြီးအကဲများက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြသည်။


