(၂၂-၃-၂၀၂၃ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO) အတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ ပေကျင်းမြို့၌ ၂၂-၃-၂၀၂၃ ရက်တွင် ကျင်းပသည့် SCO နိုင်ငံများ၏ နွေဦးရာသီပွဲတော် Nowruz Day အခမ်းအနား၌ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အခမ်းအနားတွင် SCO အတွင်းရေးမှူးချုပ် H.E. Mr. Zhang Min ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ် H.E. Mr. Li Hu နှင့် SCO ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံကိုယ်စား တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ H.E. Mr. Pradeep Kumar Rawat တို့မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres မှလည်း Norvuwz Day အထိမ်းအမှတ် ဂုဏ်ပြု ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့ပါသည်။ ထို့နောက် ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံး အပါအဝင် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဇတ်စတန်နိုင်ငံ၊ ကာဂျစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ အီရန်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့၏ သံရုံးများမှ သံတမန်များက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် SCO ၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပေကျင်းမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များသည် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ကြွရောက်လာကြသည့် ဧည့်သည်တော်များအား SCO အဖွဲ့ဝင်နိုင်ငံများ၏ ပေကျင်းမြို့ အခြေစိုက် သံရုံးများမှ ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။






