ရောမမြို့၊ အာဆီယံကော်မတီ၏ (၅၁) ကြိမ်မြောက် သံအမတ်ကြီးများအဆင့် အစည်းအဝေး ကျင်းပခဲ့ခြင်း

(၂၁-၅-၂၀၂၀ ရက်၊ ရောမမြို့)

ရောမမြို့၊ အာဆီယံကော်မတီ (ASEAN Committee in Rome – ACR) ၏ (၅၁) ကြိမ်မြောက် သံအမတ်ကြီးများအဆင့် အစည်းအဝေးကို ၂၀-၅-၂၀၂၀ ရက်၊ ၁၀၀၀ နာရီတွင် Video Conference ဖြင့် ကျင်းပခဲ့ရာ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မွှေးမွှေးခိုင် ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေကို တုံ့ပြန်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိအရေးယူဆောင်ရွက်ချက်များ၊ အီတလီနိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံသားများကို အကူအညီပေးအပ်မှုများ၊ ကန့်သတ်ချက်ကာလအတွင်း သံရုံးအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုပုံစံများ၊ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် သံရုံးများတွင် ရုံးလုပ်ငန်းဆောင်ရွက်မှုနှင့် ဝန်ထမ်းတာဝန်ချထားမှု အခြေအနေများနှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။

ထို့နောက် ACR သံအမတ်ကြီးများနှင့် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ Global Affairs ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Minister Plenipotentiary Luca Sabbatucci တို့အကြား Video Conference ဖြင့် ဆွေးနွေးခြင်းကို ၁၁၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းသို့ ဆွေးနွေးရာတွင် အီတလီနှင့် အာဆီယံနိုင်ငံများအကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အပြန်အလှန် ကူညီပေးမှုများ၊ အာဆီယံဒေသသည် အီတလီနိုင်ငံအတွက် အထူးအရေးပါသည့် အားလျော်စွာ အီတလီနိုင်ငံကို အာဆီယံ၏ Development Partner အဆင့် နှင်းအပ်ရန် အီတလီနိုင်ငံက အဆိုပြုထားသည့်ကိစ္စ အပါအဝင် အာဆီယံနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။