(၁၄-၂-၂၀၂၃ ရက်၊ မော်စကို)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်သည့် ရုရှားသံတမန်နေ့အထိမ်းအမှတ်အဖြစ် (၂၁) ကြိမ်မြောက် ဆောင်းရာသီ သံတမန် အားကစားပွဲအား ၁၁-၂-၂၀၂၃ ရက်နေ့တွင် မော်စကိုမြို့ရှိ Moscow Country Club (Nakhabino) ၌ ကျင်းပပြုလုပ်ခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ဦးဆောင်၍ မြန်မာသံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။
(၂၁) ကြိမ်မြောက် ဆောင်းရာသီသံတမန်အားကစားပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဌာန အကြီးအကဲနှင့် ပြောရေးဆိုခွင့်ရှိသူ Mrs. Maria Zakharova မှ ရုရှားနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov ပေးပို့သည့် နှုတ်ခွန်းဆက်အမှာစကားအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ Main Administration for Service to the Diplomatic Corps “GlavUpDK” ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mr. Vyacheslav Fatin ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အောက်လွှတ်တော်၊ နိုင်ငံတကာရေးရာကော်မတီဦးဆောင်ဒုတိယ ဥက္ကဋ္ဌ Mrs. Svetlana Zhurova ၊ ရုရှားအားကစားသမားများသမဂ္ဂ ဥက္ကဋ္ဌ Mrs. Galina Gorokhova တို့မှ အသီးသီး အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး အားကစားပွဲအား ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနား၌ မြန်မာသံအမတ်ကြီးက အားကစားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကိုယ်စား ကျမ်းသစ္စာစကား ပြောကြားခဲ့ပါသည်။
အားကစားပွဲ၌ ရုရှားဘိလိယက်၊ စားပွဲတင်တင်းနစ်စ်၊ mini-football ၊ နှင်းလျှောစီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗင်နီဇွဲလား၊ အစ္စရေး၊ အီဂျစ်၊ ဆီနီဂေါ၊ ကင်ညာ၊ ဂါနာနိုင်ငံ တို့အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်မှ သံတမန်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
အားကစားပွဲ၏ အထူးအစီအစဉ်များအနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ရုရှားအနုပညာရှင်များအသင်း Ghostbusters တို့၏ ဟော်ကီပြိုင်ပွဲ၊ အာတိတ်ဒေသရိုးရာ အစား အစာများအား ခင်းကျင်းတည်ခင်းသည့် “Taste of the Artic” အစားအသောက်ပွဲတော်တို့ ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။






