ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက် (၇-၂-၂၀၂၃ ရက်)

(၇-၂-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ၇-၂-၂၀၂၃ ရက်၊ ဒေသစံတော်ချိန်  နေ့လယ်(၁၂၀၀) နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး H.E. Mr. Andrey Yurievich Rudenko က တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ အလုပ်သဘော နေ့လယ်စာစားပွဲတွင် ယခု ၂၀၂၃ ခုနှစ်၌ အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၅ နှစ်ပြည့်မြောက်သည်ဖြစ်ရာ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ စီးပွားရေး၊စွမ်းအင်၊ သိပ္ပံ၊ ပညာရေး တို့ အပါအဝင်  ဦးစားပေးကဏ္ဍများတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ 

ထို့အပြင် ငြိမ်းချမ်းပြီး အားလုံးပါ၀င်မှုရှိသည့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးက လေးစားမှုဟူသော မူများကို အခြေခံ၍  အာရှ-ပစိဖိတ်ဒေသတွင် အာဆီယံ ဗဟိုပြုသည့် architecture တစ်ရပ် ခိုင်မာစွာပေါ်ပေါက်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လက်ရှိ အာဆီယံ၏မိတ်ဖက်များဖြစ်သော SCO နှင့် EAEU တို့ ပါ၀င်သည့် ဥရောပ-အာရှဒေသ ပေါင်းစည်းရေး၏ အရေးကြီးပုံတို့ကိုအလေးထား ဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံတကာရေးရာနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ 

နေ့လယ်စာစားပွဲသို့ အာဆီယံ-မော်စကို ကော်မတီ အဖွဲ့၀င်များ ဖြစ်ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။