ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ရုရှား-မြန်မာ စီးပွားရေးကောင်စီ စတင်တည်ထောင်ခြင်းအစည်းအဝေးသို့ တက်ရောက် (၂၁-၃-၂၀၂၃ ရက်)

(၂၁-၃-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ၂၁-၃-၂၀၂၃ ရက်၊ ၁၄၀၀ နာရီတွင် မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးအဆောက်အဦ၌ ကျင်းပသည့် ရုရှား-မြန်မာစီးပွားရေးကောင်စီ စတင်တည်ထောင်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်ပဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Alexander KOPKOV က ပဏာမ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Alexey KALASHNIK ၊ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၊ ဘက်ပေါင်းစုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ekaterina EVGRAFOVA တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ Techpromimport JSC ၏ ညွှန်ကြားရေးမှူးချုပ် Mr. Aleksei SHUPLOV အား ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရန် Mr. Alexander KOPKOV က အဆိုပြုခဲ့ရာ အဖွဲ့ဝင်များက သဘောတူညီခဲ့ကြပါသည်။ Mr. Aleksei SHUPLOV ကလည်း ၎င်းအနေဖြင့် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုရှားစီးပွားရေးလုပ်ငန်းများ ဖြစ်သော Russian Environmental Operator (REO) ၊ National Payment Card System “MIR” ၊ Trans-Show Tour travel company ၊ Inter RAO – EXPORT နှင့် R-Pharm တို့မှ ကိုယ်စားလှယ်များက ၎င်းတို့၏ လုပ်ငန်းများ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပြီး Mr. Alexander KOPKOV က ယနေ့ကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေး ကောင်စီ စတင်တည်ထောင်ခြင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို အတည်ပြု မှတ်တမ်းတင်ရန် အဆိုပြုကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။