ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးတည်ထောင်မှု (၇၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

(၂၂-၂-၂၀၂၃ ရက်၊ မော်စကို)
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre တို့ပူးပေါင်း၍ ၂၂-၂-၂၀၂၃ ရက်၊ ၁၄၀၀ နာရီတွင် မြန်မာ့ဆင်လိမ္မာဖျော်ဖြေပွဲနှင့် အဆိုပါဆင်ငယ်လေးများအား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့် ပေးပုံများ စသည့် မှတ်တမ်းဓာတ်ပုံပြပွဲ အခမ်းအနားအား မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre တွင် ကျင်းပခဲ့ပါသည်။
 
အခမ်းအနားတွင် မော်စကိုအစိုးရအဖွဲ့ ဝန်ကြီးနှင့် မော်စကို နိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ H.E. Mr. Sergey Cheremin ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev နှင့် Grandpa Durov’s Corner Theatre မှ အနုပညာဆိုင်ရာ ဒါရိုက်တာ Mrs. Natalia Durova တို့မှ နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
 
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပရာတွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပေးအပ်ခဲ့သည့် အသက် (၁၀) နှစ်ခန့်အရွယ် မြန်မာ့ဆင်လိမ္မာလေးများနှင့် အခြားတိရစ္ဆာန်ငယ်လေးများမှ အက၊ အလှ၊ သဘာဝ တို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီးတို့မှ ဂုဏ်ပြုပန်းခြင်း လက်ဆောင်ပေးအပ်ခဲ့ပါသည်။
 
အခမ်းအနားသို့ သံအမတ်ကြီး ဦးလွင်ဦး  ဦးဆောင်သည့် မြန်မာသံရုံး ဝန်ထမ်းမိသားစုများ၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် မြန်မာစစ်သံရုံး ဝန်ထမ်းမိသားစုများ၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilyevich Fomin ၊ မော်စကို အစိုးရအဖွဲ့ ဝန်ကြီးနှင့် မော်စကို နိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ H.E. Mr. Sergey Cheremin ၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရေးရာကောင်စီ ဥက္ကဋ္ဌ H.E. Mr. Pavel Nikolaevich Gusev ၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev ၊ ကာလုဂါဒေသ အစိုးရအဖွဲ့ ဒုတိယအကြီးအကဲ Mr. Vladimir V. Potyomkin ၊ Grandpa Durov’s Corner Animal Theatre မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် သံရုံးဝန်ထမ်းများ၊ မော်စကိုမြို့၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။