(၂၀-၂-၂၀၂၃ ရက်၊ မော်စကို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့် (၇၅)နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ အခမ်းအနားကို ၂၀-၂-၂၀၂၃ ရက်၊ (၁၅၀၀) နာရီတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ Atrium ခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားဖွင့်ပွဲတွင် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး တို့မှ ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား ဂုဏ်ပြုရှန်ပိန်ဖြင့် တည်ခင်းဧည့်ခံပြီးနောက် ဓာတ်ပုံပြပွဲအား လိုက်လံကြည့်ရှုခဲ့ကြပါသည်။
အခမ်းအနားသို့ သံအမတ်ကြီး ဦးလွင်ဦး ဦးဆောင်၍ မြန်မာသံရုံးဝန်ထမ်းများ၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် မြန်မာစစ်သံရုံး ဝန်ထမ်းများ၊ ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် ဝန်ထမ်းများ၊ အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် ရုရှားစီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။








