ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Saint-Petersburg မြို့တွင် ကျင်းပခဲ့သည့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက် (၁၃-၂-၂၀၂၃ ရက်)

(၁၃-၂-၂၀၂၃ ရက်၊ မော်စကို)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ အကြား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Saint-Petersburg မြို့တွင် ကျင်းပသည့် အခမ်းအနားများသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ၈-၂-၂၀၂၃ ရက် မွန်းလွဲပိုင်းတွင် Saint-Petersburg မြို့ရှိ Piskarevsky memorial cemetery သို့ သွားရောက်၍ လွမ်းသူ့ပန်းခြင်းချခဲ့ပြီး အထိမ်းအမှတ် ပြတိုက်သို့ သွားရောက်လေ့လာခဲ့ရာ တာ၀န်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး မြန်မာသံအမတ်ကြီးသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ Saint-Petersburg မြို့ အစိုးရ၊ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် တာ၀န်ရှိသူများနှင့် မြန်မာသံရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယင်းနေ့ ညနေပိုင်းတွင် မြန်မာသံအမတ်ကြီးသည် Saint-Petersburg State University ၌ “Myanmar’s Foreign Policy & Contemporary Russia-Myanmar Bilateral Relations” ဟူသော ခေါင်းစဉ်ဖြင့် Open Lecture ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါ ဟောပြောပို့ချပွဲသို့ Saint-Petersburg State University ၊ Saint-Petersburg Marine Technical University ၊ Russian State Pedagogical University ၊ Russia Academy of Economy and Public Administration (North-western Management Institute) ၊ (Peter the Great) Saint-Petersburg Polytechnic University ၊ Saint-Petersburg State Economic University တို့မှ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်များမှ တာ၀န်ရှိအကြီးအကဲများ၊ Saint-Petersburg မြို့ အစိုးရ ပြည်ပ ဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav G. Kalganov နှင့် တာ၀န်ရှိသူများနှင့် မြန်မာသံရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာသံအမတ်ကြီးမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။

၉-၂-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီး သည် Saint-Petersburg State Marine Technical University (SPbGMTU) ၌ ကျင်းပသည့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် ကွန်ဖရင့်သို့ တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ကွန်ဖရင့်တွင် Saint-Petersburg အစိုးရ၊ ပြည်ပ ဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav G. Kalganov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolai Listopadov ၊ Saint-Petersburg State Marine Technical University ၏ ပါမောက္ခချုပ် Mr. Gleb A.Turichin တို့မှ အမှာစကားများ ပြောကြားခဲ့ကြပြီး မြန်မာ-ရုရှားချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိဥက္ကဋ္ဌ Mr. Alexander V. Ostrovsky ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ Saint-Petersburg ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ Ms. Ekaterina N. Levedeva ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့၏ အကြီးတန်းအကြံပေး၊ မြန်မာနိုင်ငံ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၊ Saint-Petersburg State Marine Technical University (SPbGMTU) ၏ ဒုတိယပါမောက္ခချုပ် Mr. Kirill V. Rozhdestvensky ၊ Saint-Petersburg State Marine Technical University (SPbGMTU) ၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးသူရိန်ကျော်လွင် တို့မှ online ၊ offline format နှစ်မျိုးဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကွန်ဖရင့်သို့ မြန်မာ ကျောင်းသားများ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Saint-Petersburg အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ Saint-Petersburg State Marine Technical University (SPbGMTU) နှင့် Saint-Petersburg State University (SPbGU) တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အပါအဝင် (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၁၀-၂-၂၀၂၃ ရက်၊ မွန်းလွဲပိုင်းတွင် မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် St. Petersburg ဥပဒေပြု လွှတ်တော် တည်ရှိရာ Mariinsky Palace သို့ သွားရောက်၍ လွှတ်တော်ဥက္ကဋ္ဌ Mr. Alexander Belskiy နှင့် တွေ့ဆုံခဲ့ရာတွင် လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရာတွင် St. Petersburg မြို့၏ အခန်းကဏ္ဍ အထူးအရေးပါမှုကို အသိအမှတ်ပြု ပြောကြားခဲ့ကာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ယဉ်ကျေးမှုပိုင်းတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြ ပြီးနောက် မြန်မာသံအမတ်ကြီးသည် Mariinsky Palace ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ St. Petersburg ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်၊ “United Russia” Parliamentary Group ၏ အကြီးအကဲ Mr. Pavel Krupnik ၊ St. Petersburg ဥပဒေပြုလွှတ်တော်၊ ပြည်ပဆက်ဆံရေးဌာန အကြီးအကဲ Mrs. Nargis Akhadova ၊ St. Petersburg မြို့အခြေစိုက် ရုရှားနိုင်ငံခြားရေး၀န်ကြီးဌာနရုံးမှ သံမှူး Mr. Andrey Surgaev ၊ St. Petersburg အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav G. Kalganov တို့ တက်ရောက်ခဲ့ကြပြီး မြန်မာသံအမတ်ကြီးနှင့်အတူ မြန်မာသံရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။