ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် မြန်မာ့ဆင်လိမ္မာဖျော်ဖြေပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည့် နေရာသို့ သွားရောက် လေ့လာ(၂-၂-၂၀၂၃ ရက်)

(၂-၂-၂၀၂၃ ရက်၊ မော်စကို)
 
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ဦးဆောင်၍ မြန်မာသံရုံး၊ မော်စကိုမြို့မှ သံရုံးဝန်ထမ်းများသည် ၂-၂-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပေးအပ်လှူဒါန်းထားသည့် ဆင်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိရာ မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre သို့ သွားရောက်လေ့လာခဲ့ကြပါသည်။ 
 
မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသည် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၂-၂-၂၀၂၃ ရက်၌ ကျင်းပမည့် မြန်မာ့ဆင်လိမ္မာဖျော်ဖြေပွဲနှင့် မှတ်တမ်းဓာတ်ပုံပြပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့် ဆင်များအား ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြပါသည်။ 
 
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးတည်ထောင်မှု နှစ် (၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ဆုခိုင်လှ၊ ရွှေရွှေထွန်းနှင့် ငြိမ်းငြိမ်းမိုး ဟု အမည်ရသည့် ဆင်မလေး (၃) ကောင်အား မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းသည့် စာချွန်လွှာကို ၁၉-၁၂-၂၀၁၈ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolai Alexandrovich Listopadov တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။