ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ(၅-၅-၂၀၂၃ ရက်)

(၅-၅-၂၀၂၃ ရက်၊ နေပြည်တော်)

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ရပ်ဖြစ်သော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ၅-၅-၂၀၂၃ ရက်နေ့၊ နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ၎င်းတို့၏ လူမှုဘဝ တည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ဘဝရပ်တည်ရေးကိစ္စတို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာ ထောက်ထားမှုအကူအညီပေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှု ရှိစေရေး သက်ဆိုင်သူ အားလုံးအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းကဲ့သို့ ဆောင်ရွက်ချက်များကို နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစည်းအဝေးတက်ရောက် လာသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အပါအဝင် ကော်မတီဝင်များက ရခိုင်ပြည်နယ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု များနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် ပြန်လည်လက်ခံရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၂ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တွဲဘက်အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ သတင်းမှန် ပြန်ကြားရေးကို ထိရောက်စွာ ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် ပြောကြားရာတွင် ရခိုင်ပြည်နယ်တွင်း အကူအညီများ ပေးအပ်ရာ၌ အသိုက်အဝန်းများ အကြား ခွဲခြားမှုမရှိ မျှတစွာ ပေးအပ်ရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။