ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေနှင့်စပ်လျဉ်း၍ ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးမှ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိခဲ့

(၁၆-၅-၂၀၂၀ ရက်၊ နေပြည်တော်)

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရခိုင်ပြည်နယ်၌ လက်နက်ကိုင် ပဋိပက္ခများ အရှိန်တိုးမြှင့်လာနေသည့်ကိစ္စနှင့် IDP စခန်းများအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် ကိစ္စတို့နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ တံခါးပိတ် သီးသန့် အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ၁၄-၅-၂၀၂၀ ရက်က ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener က ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် အရပ်သားများ ထိခိုက်ခံစားနေရသည့် အခြေအနေ၊ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုနှင့် စားနပ်ရိက္ခာ ထောက်ပံ့နေမှုများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် အစိုးရ၏ ဆောင်ရွက်မှုများနှင့် အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တပ်မတော်မှ သုံးလ အပစ်အခတ်ရပ်စဲရေး ကြေညာထားရှိမှု အခြေအနေများ၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများနှင့် အဆိုပါလုပ်ငန်းစဉ်များကို ဒေသတွင်းမှလည်းကောင်း နိုင်ငံတကာ အသိုက်အဝန်းမှလည်းကောင်း ဆက်လက် ကူညီပံ့ပိုးရန် လိုအပ်နေမှုတို့ကို ထည့်သွင်း ရှင်းလင်းပြောသွားကြောင်း သိရသည်။

ထို့ပြင် ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးကြရာ၌ ရခိုင်ပြည်နယ်တွင် စစ်ရေး ပဋိပက္ခများ တိုးမြင့်လာသည့် အခြေအနေကြောင့် နေရပ်စွန့်ခွာသူများနှင့် ထိခိုက်သေဆုံးမှုများအတွက် စိုးရိမ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ရန ်ရှိသည်များကို နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ဒေသတွင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစား၍ အပြုသဘောဖြင့် ပါဝင်ကူညီရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ယခုကျင်းပသည့်အစည်းအဝေးကို လုံခြုံရေးကောင်စီ မေလအလှည့်ကျဥက္ကဋ္ဌဖြစ်သော အက်စတိုးနီးယားနှင့် ဗြိတိန်နိုင်ငံတို့က ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် သို့မဟုတ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ရန် သဘောတူညီမှု မရရှိခဲ့ကြောင်း သိရှိရသည်။