ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း (၆၀,၀၀၀) ပေးအပ်လှူဒါန်းခဲ့ခြင်း

(၂၃-၃-၂၀၂၀ ရက်၊ ကူမင်းမြို့)

COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်း ၆၀,၀၀၀ (ခြောက်သောင်း) ကို ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၂၃-၃-၂၀၂၀ ရက်၊ နံနက် (၁၀) နာရီအချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကောင်စစ်ပရဝုဏ်အတွင်းရှိ နိုင်ငံခြားရုံးများဝန်ဆောင်မှုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ ယူနန်ပြည်နယ်ကိုယ်စား ပြည်နယ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun မှ လွှဲပြောင်းပေးခဲ့ပြီး ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်မှ လက်ခံရယူခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun မှ ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာ့စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို မန္တလေးတိုင်းဒေသကြီးသို့ လည်းကောင်း၊ ကျန်နှာခေါင်းစည်း ၃၂,၀၀၀ ကို မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လိုအပ်သည့်ဒေသများသို့ ဖြန့်ဝေပေးရန် လှူဒါန်းခြင်းဖြစ်ပါကြောင်းကို ပြောကြားခဲ့ပါသည်။ လှူဒါန်းမှုအခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ နှာခေါင်းစည်း ၆၀,၀၀၀ အား ၂၄-၃-၂၀၂၀ ရက်နေ့တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။