ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၆-၄-၂၀၂၆ ရက်၊ ပါရီ)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကို ဌာနချုပ်၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့ တွင် ကျင်းပခဲ့သည့် (၂၂၄)ကြိမ်မြောက် ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့၏ မျက်နှာစုံညီအစည်း အဝေးသို့ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ မျက်နှာစုံညီအစည်းအဝေးတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်နိုင်ငံများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများနှင့်အတူ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆွေးနွေးခဲ့ပါသည်။

သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၉ ခုနှစ် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အချိန်မှစ၍ ယူနက်စကိုမှဆောင်ရွက်လျက်ရှိသည့် ယဉ်ကျေးမှု၊ ပညာရေးနှင့် သိပ္ပံနည်းပညာ ကဏ္ဍများတွင် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ယဉ်ကျေးမှုကဏ္ဍတွင် မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း အခြေခံပညာအဆင့်တွင် အားလုံးပညာသင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အထက်တန်းကျောင်းများကို တည်ထောင်၍ ပညာရည်မြှင့်တင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အစိုးရသစ်အနေဖြင့် အမျိုးသမီးရေးရာဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ ညနေပိုင်းတွင် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်မှ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။