ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement – NAM) ၏  နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတက်ရောက်

နေပြည်တော်

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ညှိနှိုင်းရေးဗျူရို၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ယူဂန်ဒါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပ လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လျက်ရှိသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို Speke Resort Convention Centre ၌ ကျင်းပလျက်ရှိရာ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်၍၊ မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံကိုယ်စားပြုမိန့်ခွန်းများ ပြောကြားကြသည်။

မြန်မာနိုင်ငံကိုယ်စားပြုမိန့်ခွန်းကို  ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေက အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက  ယနေ့ ကမ္ဘာကြီးသည် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး  ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် မညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ပြိုင်ဆိုင်မှုများတွင် ကုန်သွယ်ရေးစစ်များမှအစ တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေအထိ စိုးရိမ်ရသည့် စိန်ခေါ်မှုများရှိကြောင်း၊ ထိုကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ခုခံရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ရန် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်း၊ ထို့ကြောင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အရေးပါသော အဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ စတင်ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒနှင့်စည်းမျဉ်းများကို  လိုက်နာ ကျင့်သုံးလျက်ရှိပါကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာကြွယ်ဝမှုများမျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေရေး” နှင့်အညီ မြန်မာနိုင်ငံ၏ မယိမ်းမယိုင်သော ကတိကဝတ်များကို ထပ်လောင်းအတည်ပြု ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။ 

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်နေမှု အခြေ အနေ၊  မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်း ပြောကြားခဲ့ပါသည်။ 

ဝန်ကြီးအဆင့်အစည်းအဝေးမတိုင်မီ အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ပြုလုပ်ခဲ့ရာ၊ အီဂျစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားမြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၁)၊ လေ့လာသည့်နိုင်ငံ (၁၈) နိုင်ငံနှင့် လေ့လာသည့်အဖွဲ့ (၁၀) ဖွဲ့တို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။