မြန်မာ-အိန္ဒိယ တတိယအကြိမ် နယ်နိမိတ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ (၃၀-၈-၂၀၁၈ ရက်၊ နေပြည်တော်)

မြန်မာ-အိန္ဒိယ တတိယအကြိမ် နယ်နိမိတ် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Boundary Working Group-JBWG) အစည်းအဝေးကို ရန်ကုန်မြို့ Park Royal Hotel ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇-၂၈ ရက်နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာဘက် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေက ဦးဆောင်ခဲ့ပါသည်။ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယ ပြည်ပရေးရာဌာန Joint Secretary (BM) Mr. Vikram Doraiswami က ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vikram Misri လည်း ပါဝင် တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ်တိုင်းတာမှု ပြီးပြတ်ခြင်း မရှိသေးသည့် နေရာများအား နယ်နိမိတ် တိုင်းတာသတ်မှတ်နိုင်ရေး ကိစ္စ၊ နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ဖြစ်ပေါ်လျက်ရှိသည့် ပြဿနာများအား ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ရန် ကိစ္စတို့ကို နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အစည်းအဝေး မှတ်တမ်းအား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ် ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် လည်းကောင်း၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် လည်းကောင်း ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။