မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား သံအဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ် ရှိသောအလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း (၂၆-၈-၂၀၂၅ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား သံအဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုး အမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း (Authorizing the Dependents of Members of a Diplomatic Mission or Consular Post to Engage in Gainful Employment) သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့် ဆက်ဆံရေးနှင့် မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြနေပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ ၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်