မြန်မာ-အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်းမှ မိဘမဲ့ကလေးများဂေဟာသို့ အလှူငွေ ပေးအပ် လှူဒါန်းခြင်း

(၃၀-၁၁-၂၀၁၉ ရက်၊ ရန်ကုန်မြို့)

မြန်မာ-အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar- ASEAN Women’s Friendship Association-MAWFA)၏ နယက၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်လွင်လွင်မှန် ဦးဆောင်၍ MAWFA အသင်း၏ အလုပ်အမှုဆောင်ဝင်များဖြစ်သည့် ရန်ကုန်မြို့ရှိ အာဆီယံ နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ နှင့် အာဆီယံ သံအမတ်ကြီးများ၏ဇနီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများနှင့် MAWFA အသင်းဝင် စေတနာရှင် အလှူရှင်များသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sharing Love Charity” နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် “Safe House” သို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

အဆိုပါအလှူငွေပေးအပ်ပွဲအခမ်းအနားကို ၃၀-၁၁-၂၀၁၉ ရက်နေ့ နံနက် ဝ၉းဝ၀ နာရီတွင် အင်းစိန်မြို့နယ်၊ Ywama Baptist Church တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ-အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်း နယက၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်လွင်လွင်မှန်၊ ရန်ကုန်မြို့ရှိ အာဆီယံ နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ အာဆီယံသံအမတ်ကြီးများ၏ ဇနီးများနှင့် MAWFA အဖွဲ့ဝင်များမှ “Sharing Love Charity” အသင်း၏ သင်းအုပ်ဆရာ ဦးဝင်းမောင်အား အလှူတော်ငွေကျပ် (၁၅၀)သိန်း ပေးအပ်လှူဒါန်းခဲ့ပြီး၊ နွမ်းပါးကလေးငယ်များ၏ လှုပ်ရှားမှုများအား ကြည့်ရှုအားပေးခြင်း၊ မုန့်များပေးဝေခြင်းနှင့် နေ့လယ်စာကျွေးမွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်မှ ဖွင့်လှစ်ထားသည့် အမျိုးသမီးများဂေဟာ “Safe House” သို့ သွားရောက်၍ အလှူတော်ငွေ ကျပ် (၁၅၀) သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်ထောင်စုဝန်ကြီး၏ဇနီးနှင့် အဖွဲ့အား ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာ-အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်းသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် MAWFA’s Fundraising and Charity Bazaar ပြုလုပ်ခဲ့ရာ အဆိုပါ ဈေးရောင်းပွဲတော် မှရရှိခဲ့သော ငွေများ၊ လေလံတင်ပစ္စည်းများ ရောင်းချရရှိသည့်ငွေများအား “Sharing Love Charity” မှ နွမ်းပါး ကလေးငယ်များ၏ ပညာရေးအား အထောက်အကူပြုရန်နှင့် အမျိုးသမီးဂေဟာ “Safe House” မှ ခိုကိုးရာမဲ့ တစ်ကိုယ်တော်မိခင်များအား ထောက်ပံ့နိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ-အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်းသည် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အမျိုးသမီးများ အကြား လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပြည်သူ့ရေးရာစီမံကိန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း အာဆီယံအမျိုးသမီးများအကြား ရင်းနှီးချစ်ကြည်မှု တိုးပွားစေရေးကို အားပေး ဆောင်ရွက်ရန်နှင့် အာဆီယံ၏အရေးပါသော အခန်းကဏ္ဍကို ပြည်သူများ ပိုမိုနိုးကြား သိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။