မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များ ဆွေးနွေး(၇-၁၂-၂၀၂၅ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းနှင့်ကိုယ်စားလှယ်အဖွဲ့အား Jasmine Nay Pyi Taw Hotel ၌ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ကြ ပြီး၊ နှစ်နိုင်ငံအကြား တူညီသောယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ လူမှုဆက်နွှယ်မှုများနှင့် စီးပွားရေး အရ အခိုင်အမာ အပြန်အလှန်အမှီသဟဲပြုမှုတို့ဖြင့် ချည်နှောင်ထားကြောင်း၊ ယင်းဆက်နွယ်မှု များသည် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် ခိုင်မာအားကောင်းသည့် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၎င်းတို့က နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ထိန်းသိမ်းရေး၏ အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ကြပြီး ယင်းသည် နှစ်နိုင်ငံ နယ်စပ်နေအသိုက်အဝန်းများ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြား ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား မြန်မာအစိုးရက အမြစ်ဖြတ် တိုက်ဖျက်လျက်ရှိရာတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား ထိရောက်သောပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့သည်။
တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မတည်ငြိမ်မှုများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို ရှေးရှုလျက် တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရေးအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ထို့အပြင် နှစ်နိုင်ငံကိစ္စရပ်များဖြေရှင်းရန်နှင့် အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံသာယာ ဝပြောရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအတွက် အစဉ်တံခါးဖွင့်ထားပါကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် ထိုင်း အစိုးရ၏ရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်ရှိ အထကခွဲ (သပြေကုန်း) သို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထို့နောက် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်အား သွားရောက်ဖူးမြော်ခဲ့ကြ ကြောင်းသိရှိရပါသည်။