(၁၈-၆-၂၀၂၅ ရက်၊ ပေကျင်း)
မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် Chinese People's Association for Friendship with Foreign Countries (CPAFFC) တို့ ပူးပေါင်း၍ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ ၁၈၀၀ နာရီမှ ၂၀၂၀ နာရီအထိ ပေကျင်းမြို့ရှိ CPAFFC ၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Cai Dafeng၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Hua Chunying တို့မှ အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ပြီး တရုတ်ဗဟိုစစ်ကော်မရှင်၊ နိုင်ငံတကာစစ်ရေးပူးပေါင်းဆောင်ရွက်မှုရုံး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ် Zhang Baoqun နှင့် CPAFFC ဒုတိယဥက္ကဋ္ဌ Mr. Yuan Mindao တို့က အဓိက ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံဘက်မှ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြဟန်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံပိုင်ကုမ္ပဏီများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ပေကျင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် သံတမန်များ၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော်ချန်းကျန့်၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၂၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားမစတင်မီ မြန်မာသံအမတ်ကြီးဦးဆောင်ပြီး မြန်မာသံရုံး၊ စစ်သံရုံးမိသားစုဝင်များသည် တရုတ်နိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်ကျောင်းတိုက်ဆရာတော်၊ တရုတ်ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော်ချန်းကျန့်အား ဆွမ်းခဲဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ H.E. Mr. Cai Dafeng နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေတို့မှ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးမှ မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ချိန်၌ ပထမဆုံး အသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ ထို့နောက် ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ယခုနှစ်ဆိုလျှင် (၇၅) နှစ်ပြည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား သမိုင်းကြောင်းကို အခြေခံပြီး ၁၉၅၄ ခုနှစ်၌ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းသည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးသမိုင်းမှာ စံနမူနာတစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ၂၀၁၁ ခုနှစ်၌ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်အထိ တိုးမြှင့်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မတ်လနှောင်းပိုင်းအတွင်းက မန္တလေးငလျင်လှုပ်ခတ်မှုအပြီး တရုတ်နိုင်ငံမှ အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့သော အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ခြင်းတို့အတွက် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် နောင်လာမယ့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍအသစ် ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သံအမတ်ကြီးနှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့မှ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြင့်မားရေးအတွက် ဂုဏ်ပြုဆုတောင်းခဲ့ကြပါသည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံခြားဘာသာလေ့လာရေး တက္ကသိုလ်တို့မှ ကျောင်းသား/သူလေးများက သံစုံတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါ သည်။ ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများနှင့် တရုတ်စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
**************


