မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ (၂၀၂၆) အတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတစ်ရပ်ကို ၂၈-၅-၂၀၂၆ ရက် တွင် နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြ သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ က အဖွင့်အမှာစကား ပြောကြားခဲ့ရာ၌ ၂၀၂၆ ခုနှစ်သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည့်အတွက် ယနေ့ကျင်းပသော လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် အရေးပါသော အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ ယန္တရားအောက်မှတစ်ဆင့် မဲခေါင်နိုင်ငံများသို့ အစဉ်တစ်စိုက် ပံ့ပိုး ကူညီခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အရေးပါလှပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို သိသာထင်ရှားစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ်လာ (၄၀.၄၆) သန်းကျော်ခန့်တန်ဖိုးရှိ စီမံကိန်း စုစုပေါင်း (၁၄၀)ခုကို ရရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစသည့် နယ်ပယ်များကို အထောက်အကူပြုနိုင်မည့် စီမံကိန်း (၈)ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်လည်းကောင်း၊ အခြားသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ များနှင့်လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား ကလည်း အမှာစကားပြောကြားခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသော အဖွဲ့ဝင်နိုင်ငံ (၆) နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားတစ်ရပ်ဖြစ်သည်။



