မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေမှ တရုတ်နိုင်ငံ၊ ကျန်းစူးပြည်နယ်၊ နန်ကျင်းမြို့ရှိ နန်ကျင်းတက္ကသိုလ်၌ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဟောပြောပို့ချခဲ့ခြင်း (၃၀-၄-၂၀၂၅ ရက်)

(၃၀-၄-၂၀၂၅ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ၊ ကျန်းစူး ပြည်နယ်၊ နန်ကျင်းမြို့ရှိ နန်ကျင်းတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် မြန်မာ- တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ဟောပြောပို့ချခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်- အာဆီယံစင်တာ (ACC) မှ ကြီးမှူး၍ နန်ကျင်းတက္ကသိုလ်နှင့် ကျန်းစူးပြည်နယ်နိုင်ငံခြားရေးရုံး၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၊ သံအမတ်ကြီးသည် ပုဂံခေတ်မှအစချီသော မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ တရုတ်-အာဆီယံဆက်ဆံရေးနှင့် မြန်မာနိုင်ငံ၏အခန်းကဏ္ဍ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားရှိ လက်ရှိပူးပေါင်းဆောင်ရွက်နေမှုအခြေအနေနှင့် အနာဂတ်ကာလတွင် ဖြစ်ပေါ် လာနိုင်သောသော အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို အပိုင်းလိုက် ဆွေးနွေးပို့ချခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တရုတ်- အာဆီယံစင်တာ (ACC) မှ အတွင်းရေးမှူးချုပ် မစ္စတာ ရှီကျုံကျွင်း၊ နန်ကျင်းတက္ကသိုလ်မှ အကြီးအကဲများ၊ နန်ကျင်းတက္ကသိုလ်ရှိ School of International Studies ဒုတိယအကြီးအကဲ ပါမောက္ခ ကျုံးဟာဝေး၊ တရုတ်နိုင်ငံတွင် ပညာသင်ရောက်ရှိ နေသော ကျောင်းသူကျောင်းသားများ၊ မြန်မာ-တရုတ်ဆက်ဆံရေးကို စိတ်ပါဝင်စားသော နိုင်ငံတကာကျောင်းသားများ စသည့် စုစုပေါင်း တက်ရောက်သူ ၁၀၀ ဦးခန့် ပါဝင် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းခဲ့သည့် မေးခွန်းများကိုလည်း သံအမတ်ကြီးမှ သင့်လျော်ကောင်းမွန်စွာ ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်လက်ပြီး သံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Nanjing University of Information Science and Technology (NUIST) သို့သွားရောက်၍ President Chen Haishan နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် ပညာတော်သင်ဆုများ ပိုမိုရရှိရေး ဆွေးနွေးခဲ့ပြီး အဆိုပါတက္ကသိုလ်တွင် တက်ရောက်နေသော မြန်မာကျောင်းသား (၁၃) ဦးနှင့် သီးခြားတွေ့ဆုံကာ သင်ကြားပေးသည့် ပညာရပ်များကို ကြိုးစားလေ့လာကြရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပညာသင်များအားလုံး စုစုစည်းစည်းနေထိုင်ကြရန်၊ နိုင်ငံအတွက် အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများ၊ ပြည်သူများ ဖြစ်စေရေး ကြိုးစားကြရန်နှင့် မြန်မာသံရုံးနှင့်လည်း ပုံမှန်ဆက်သွယ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။