(၁၅-၅-၂၀၂၃ ရက်၊ နေပြည်တော်)
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ၁၅-၅-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ ကျင်းပခဲ့ပြီး၊ မြန်မာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တရုတ်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နယ်စပ်ဒေသ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်ရေးတွင် ယွမ်-ကျပ် တိုက်ရိုက်သုံးစွဲမှု မြှင့်တင်ရေးနှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



