မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် ယူနန်ပြည်နယ်စီးပွားရေးဌာနသို့ သွားရောက်ညှိနှိုင်းခဲ့ခြင်း

(၂၁-၅-၂၀၂၀ ရက်၊ ကူမင်းမြို့)

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်သည် ယူနန်ပြည်နယ်စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun အား ၂၀-၅-၂၀၂၀ ရက်၊ ၁၄၀၀ နာရီအချိန်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် လက်ရှိ COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပုပ်သိုးပျက်စီးလွယ်သော မြန်မာ့သစ်သီးဝလံများနှင့် ရေထွက်ပစ္စည်းပို့ကုန်များမှာ နှစ်နိုင်ငံနယ်စပ်ဂိတ် အဝင်/အထွက် ကန့်သတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းအပေါ် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဝင်/ထွက်ခွင့် ရရှိရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် နှစ်ဖက်ညှိနှိုင်းအဖြေရှာ၍ ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးရာသို့ ယူနန်ပြည်နယ်စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယူနန်ပြည်နယ် စီးပွားရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အာဆီယံကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူး၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးရုံး ညွှန်ကြားရေးမှူး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု ဖွံဖြိုးတိုးတက်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး၊ နယ်စပ်ဂိတ်အကောက်ခွန်ဆိုင်ရာရုံး ဒုတိယညွှန်ကြားရေးမှူးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။