မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ  (၈-၆-၂၀၂၅ ရက်)

(၈-၆-၂၀၂၅ရက်၊နေပြည်တော်)

မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲ အခမ်းအနားကို ၈-၆-၂၀၂၅ ရက်၊ ညနေ ၁၈၀၀ နာရီအချိန်တွင် နေပြည်တော်ရှိမင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး၊ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နှုတ်ခွန်းဆက် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဒုတိယဝန်ကြီးချုပ်က မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ခိုင်မာမြဲမြံသည့် သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅) နှစ်တာ ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှု၊ သာတူညီမျှမှုနှင့် ငြိမ်းချမ်း‌စွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒများကို အခြေခံကာ အိမ်နီးချင်းကောင်းမိတ်ဆွေနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိမှုကို အလေးထားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်က နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသည့် သမိုင်း မှတ်တိုင်များဖြစ်သည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးကို အခိုင်အမာ သဘောတူညီခဲ့မှုကို ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာ လီချန်းတို့နှင့်တွေ့ဆုံမှုများ၏ ရလဒ်ကောင်းများဖြစ်သည့် သဘောတူညီချက်များကို ကြိုးပမ်းအကောင်အထည်ဖော်ရေး အတည်ပြုပြောကြားခဲ့ပါသည်။ ထို့ပြင် မန္တလေး ငလျင်လှုပ်ခတ်မှုအပြီး တရုတ်နိုင်ငံမှ အချိန်နှင့် တစ်ပြေးညီ ပေးအပ်ခဲ့သည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီမှု များအတွက် တရုတ်အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်လှုပ်ခတ်ခဲ့ပြီး တရုတ်နိုင်ငံက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ် ခဲ့မှုများကို ကျေးဇူးတင်ရှိသည့်အနေဖြင့် မြန်မာအစိုးရမှပေးအပ်သည့် ဂုဏ်ပြုအမှတ်တရတံဆိပ် များအား တရုတ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အကောင်အထည်ဖော်မည့် ကတိကဝတ် များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့‌နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့မှ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုကိတ် မုန့်ခွဲသည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံ၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့မှ ယဉ်ကျေးမှု အကအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေမှုများအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားတို့က နှစ်ဖက် အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။