မြန်မာ-တရုတ်(ယူနန်ပြည်နယ်) နယ်စပ်ဂိတ်ပေါက် ကုန်ပစ္စည်း အကောက်ခွန် ဖြတ်ကျော် ရှင်းလင်းရေးဆိုင်ရာ အစည်းအဝေးကျင်းပ

(၂၈-၄-၂၀၂၂၊ ကူမင်း)

မြန်မာ-တရုတ်(ယူနန်ပြည်နယ်) နယ်စပ်ဂိတ်ပေါက် ကုန်ပစ္စည်း အကောက်ခွန် ဖြတ်ကျော် ရှင်းလင်းရေးဆိုင်ရာ အစည်းအဝေးအား ၂၈-၄-၂၀၂၂ ရက်နေ့တွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mrs. Yang Mu နှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က ကြီးမှူးကျင်းပခဲ့ပြီး၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်နှင့် ယူနန်ပြည်နယ်၏ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် နယ်စပ်ဂိတ်ပေါက် အဝင်/ထွက်ရေးရာကိစ္စများ၊ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေ ချောမွေ့စေရေး၊ အကောက်ခွန်လုပ်ငန်း၊ အစားထိုးသီးနှံ စိုက်ပျိုးရေး၊ နန့်ဆန်-ရန်လုံကျိုင်းတံတား တည်ဆောက်ရေး၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ ကျွဲ/နွားများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများအား လွှဲပြောင်း/လက်ခံရေး၊ ကျပ်/ယွမ် အသုံးပြုမှုစနစ် စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နေသည့် ကာလအတွင်း နှစ်နိုင်ငံ နယ်စပ်ဂိတ် ကန့်သတ်ချက်များနှင့် မြန်မာ-တရုတ် နယ်စပ်ဂိတ် အကောက်ခွန်ရှင်းလင်းရေးကိစ္စရပ်များအပေါ် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ဆွေးနွေးရာတွင် အပြုသဘောဆောင်သည့် ရလဒ်များရရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။