(၁၈-၉-၂၀၂၅ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ၁၈-၉-၂၀၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲကို ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင် ရေးကောင်စီနှင့်အတူ စီစဉ်ကျင်းပခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဦးကျော်ဇေယျာလင်းနှင့် အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် ဦးဆောင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် (၂၀) ဦး ၊ တရုတ်ဘက်မှ ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Mr. Yang Xuchao နှင့် တာဝန်ရှိသူများ၊ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းလိုသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲတွင် ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Mr. Yang Xuchao ၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာ လင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်မှ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ အချင်းချင်းမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး စီးပွားရေးဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ်သည် ၁၈-၉-၂၀၂၅ ရက် နေ့လည်ပိုင်းတွင် ချုံချင့်ရှိ World Financial Center (WFC) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနနှင့် ချုံချင့် တရုတ်အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီတို့မှ ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ SME ထုတ်ကုန်ပြပွဲ (ချုံချင့်) သို့ တက်ရောက်ခဲ့ပါသည်။

