ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၁၈-၅-၂၀၂၆ ရက်မှ ၂၂-၅-၂၀၂၆ ရက် အထိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ပထမနေ့ ၁၈-၅-၂၀၂၆ ရက်တွင် ပြန်လည်သုံးသပ်ရေးယန္တရားနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကွန်ဗင်းရှင်း ဒုတိယအဆင့်ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်တွင် ပထမအဆင့်အကြံပြုချက်များအား အကောင်အထည်ဖော်မှုအခြေအနေများ ကို ဆန်းစစ်ရန်၊ စိန်ခေါ်မှုများကို ဖော်ထုတ်ရန်နှင့် ပံ့ပိုးကူညီမှု လိုအပ်သည့် နယ်ပယ်များကို သတ်မှတ်ရန်ဟူသောအချက်ကို ထောက်ခံကြောင်း၊ ကိုယ်တိုင် ဆန်းစစ်ချက် မေးခွန်းလွှာနှင့် စံနမူနာပြအချိန်ဇယားတွင် နိုင်ငံအလိုက် ဥပဒေစနစ်များနှင့် စွမ်းဆောင်ရည် မတူညီမှုများကို ထည့်သွင်းစဉ်းစား၍ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ ဒုတိယအဆင့်တွင် အချုပ်အခြာအာဏာ တန်းတူညီမျှရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်ရေး အခြေခံမူများကို ဆက်လက်လေးစားလိုက်နာပြီး အပြုသဘော ဆွေးနွေးမှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ခံပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများအတွက် သင်တန်းများ တိုးချဲ့ရန် နှင့် နည်းပညာအကူအညီများအတွက် အလှူရှင်များနှင့် ပိုမိုအလေးထား ညှိနှိုင်းဆောင်ရွက်ပေး စေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်မှုများနှင့် တိုးတက်မှုများအဖြစ် မြန်မာနိုင်ငံသည် “အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၂၆-၂၀၃၀)” ကို ခိုင်မာသောနိုင်ငံရေးဆန္ဒဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး၊ နှစ်ပတ်လည် အစီရင်ခံစာများ ပုံမှန်ထုတ်ပြန်လျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေးအနေဖြင့် ဝန်ကြီးဌာနများနှင့် အစိုးရဆိုင်ရာအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များ (CPUs) ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုးတက်မှုများအနေဖြင့် အီလက် ထရွန်နစ်စနစ်သုံး ပစ္စည်းဝယ်ယူခြင်းစနစ် (e-Procurement system) သို့ ကူးပြောင်းခြင်းနှင့် SMS စနစ်ဖြင့် ပြည်သူ့တုံ့ပြန်မှုရယူခြင်း အစီအစဉ်များ ဆောင်ရွက်နေကြောင်း၊ ပုဂ္ဂလိကကဏ္ဍ တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာကျင့်ဝတ်များ ချမှတ်ဆောင်ရွက်နိုင်ရေး အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမအဆင့် ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့ပြီး၊ လာမည့်ဒုတိယအဆင့် ပြန်လည် သုံးသပ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှုများတွင် အပြုသဘောဖြင့် ဆက်လက် ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


