အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro အား ၂၇-၄-၂၀၂၆ ရက်၊ နေ့လယ် (၁၃၀၀) နာရီတွင် မြန်မာအဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် ဘရာဇီးလ်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ အာဆီယံ နှင့် ဘရာဇီးလ်နိုင်ငံအကြား ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ ပိုမိုတိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီးအား မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၆-၄-၂၀၂၆ ရက်တွင် အာဆီယံ ဆိုင်ရာ ဆားဘီးယား သံအမတ်ကြီး H.E Ivana Golubovic Duboka အား မြန်မာအဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဆားဘီးယားနိုင်ငံအနေဖြင့် အာဆီယံနှင့် နှစ်ဖက်အကျိုးရှိစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် အာဆီယံနှင့် ဆက်စပ်အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ဆားဘီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်နိုင်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။



