(၂၀-၁-၂၀၂၆ ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ၂၀-၁-၂၀၂၆ ရက်တွင် ဗီယင်နာ အပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပခဲ့သည့် ဂျီ ၇၇ အုပ်စု အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဂျီ ၇၇ အုပ်စု ဥက္ကဋ္ဌ (၂၀၂၅) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကင်ညာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံက ၂၀၂၅ ခုနှစ်အတွင်း ဗီယင်နာမျက်နှာစာတွင် ဂျီ၇၇နှင့် တရုတ်အုပ်စု၏ လှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီးနောက်၊ ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အိန္ဒိယအမြဲတမ်း ကိုယ်စားလှယ် H.E. Shambhu S. Kumaran ထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌသစ်က မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ကုလသမဂ္ဂရုံး (UNOV)/ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၊ ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO)၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ်အဖွဲ့အစည်း (CTBTO) ၊ အာကာသဟင်းလင်းပြင်ဆိုင်ရာ ကုလသမဂ္ဂရုံး (UNOOSA)၊ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဥပဒေကော်မရှင် (UNCITRAL) တို့မှ အကြီးအကဲ/ကိုယ်စားလှယ်များ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ အဖွဲ့ရုံးများမှ ကိုယ်စားလှယ်များကလည်း ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဂုဏ်ပြုစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်အတွင်း ဂျီ ၇၇ ဥက္ကဋ္ဌ တာဝန်ယူခဲ့သော ကင်ညာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် တက်ကြွစွာဖြင့် ခေါင်းဆောင်ပေးနိုင်ခဲ့မှုအပေါ် ချီးကျူးဂုဏ်ယူကြောင်း၊ ယခု ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌသစ်အဖြစ် အိန္ဒိယ အမြဲတမ်းကိုယ်စားလှယ်က တာဝန်ယူမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်မှုအောက်တွင် ဂျီ ၇၇ အုပ်စု၏ ဘုံရည်မှန်းချက်များကို စည်းလုံးညီညွတ်စွာနှင့် ထိရောက်စွာ ဆက်လက် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌသစ်အား အပြည့်အဝ ထောက်ခံအားပေးလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဂျီ ၇၇ အုပ်စု၏ စုပေါင်းအကျိုးစီးပွားများ မြှင့်တင်ရာတွင်လည်းကောင်း၊ တူညီဆန္ဒဖြင့် ဆောင်ရွက်သော ဗီယင်နာစိတ်ဓာတ်ကို ပိုမိုခိုင်မာစေရေးအတွက်လည်းကောင်း နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



