(၂၅-၁၁-၂၀၂၅ ရက်၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့ရှိ King Abdulaziz International Conference Centre တွင် ၂၃-၁၁-၂၀၂၅ ရက်မှ ၂၇-၁၁-၂၀၂၅ ရက် အထိ “ကမ္ဘာ့စက်မှုဆိုင်ရာထိပ်သီးညီလာခံ-၂၀၂၅” အဖြစ် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) ၏ (၂၁) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တက်ရောက်နေသော ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့ အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း သည် ၂၅-၁၁-၂၀၂၅ ရက်တွင် အထွေထွေမူဝါဒ ရေးရာဆွေးနွေးမှုကဏ္ဍ၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။
သံအမတ်ကြီး ဦးမင်းသိမ်းက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ်သော စက်မှုဖွံ့ဖြိုးတိုးတက်ရေး(ISID)အတွက် ထပ်လောင်း အတည်ပြုကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် အမျိုးသားရေးဦးတည်ချက်များအဖြစ် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးနှင့် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ပိုမိုတိုးတက်ရေး တို့ကို အလေးထားမြှင့်တင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်အတွက်လည်း အဓိကဦးစားပေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ရေး၊ စက်မှုဇုန်များ တည်ထောင်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့်ကဏ္ဍများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးလျက်ရှိကြောင်း၊ ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုကို အားပေးမြှင့်တင်လျက်ရှိပြီး၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိ စေရန်အတွက် ဒီရေတော ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေ သည့် ကဏ္ဍများ၊ အထူးသဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် ဆန်းသစ်တီထွင်မှု တိုးတက်စေရေး၊ စွမ်းအင်သုံးစွဲမှုထိရောက်မှုရှိစေရန် စောင့်ကြည့်ဆန်းစစ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန် စေရေးတို့တွင် အကူအညီများပေးအပ်ရန်အတွက် UNIDO နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအား တိုက်တွန်းကြောင်း၊ မည်သည့်နိုင်ငံကိုမျှ နောက်ချန်မထားသင့်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ (၁၁)ကြိမ်မြောက် ဝန်ကြီး အဆင့်ညီလာခံ ကြေညာချက်နှင့် Implementation Plan for UNIDO’s Operational Strategy for LDCs (2022–2031)တို့ကို ကြိုဆိုလျက်၊ ညီလာခံအပြီးတွင် အတည်ပြုချမှတ်မည့် ရီရတ်ဒ်ကြေညာချက်ကို အပြည့်အဝထောက်ခံကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။

