(၂၈-၇-၂၀၂၅ ရက်၊ ဘရာဇီးလျား)
ကမ္ဘာ့အကြီးဆုံးအသားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀)သို့ အသားများ တင်ပို့လျက်ရှိသည့် ဘရာဇီးလ်နိုင်ငံအခြေစိုက် JBS SA ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ သည် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများ၊ အာဆီယံ-ဘရာဇီးလျားကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဘရာဇီးလ်နိုင်ငံ၊ ဂိုရာပြည်နယ်မြို့တော်၊ ဂိုရာညာမြို့နှင့် ဘရာဇီးလျားဖက်ဒရယ်နယ်မြေ၊ ဆမ်မာဗားရားဒေသသို့ ၂၄-၇-၂၀၂၅ ရက်မှ ၂၅-၇-၂၀၂၅ ရက်အထိ နှစ်ရက်ကြာ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပါသည်။ ၂၄-၇-၂၀၂၅ ရက်၊ ၁၁:၀၀ နာရီတွင် အာဆီယံ-ဘရာဇီးလျားကော်မတီကိုယ်စားလှယ်အဖွဲ့သည် ဂိုရာပြည်နယ်၊ ဂိုရာညာမြို့ရှိ JBS ကုမ္ပဏီရုံးခွဲသို့ သွားရောက်ခဲ့ရာ၊ JBS ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့ကုမ္ပဏီ၏ သမိုင်းကြောင်း၊ ကမ္ဘာ့နိုင်ငံ များသို့ ၎င်းတို့၏ကုန်ပစ္စည်းများ တင်ပို့လျက်ရှိမှုအခြေအနေနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ JBS ကုမ္ပဏီလက်အောက်ရှိ Friboi အမဲသား ထုတ်လုပ်မှုစက်ရုံ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများအား လိုက်လံပြသခဲ့ပါသည်။ ထို့နောက် ၁၉:၃၀ နာရီတွင် ဂိုရာညာ မြို့တော်ဝန် Mr. Sandro da Mabel Antonio Scodro က အာဆီယံ-ဘရာဇီးလျားကော်မတီ ကိုယ်စားလှယ်အဖွဲ့အား ဂိုရာညာမြို့တော်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဂိုရာညာမြို့တော်အစိုးရအဖွဲ့မှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ ဂိုရာညာမြို့တော်အစိုးရအဖွဲ့နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာ များနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် အကြံပြုဆွေးနွေးခဲ့ကြပါသည်။
၂၅-၇-၂၀၂၅ ရက်၊ ၁၁:၀၀ နာရီတွင် အာဆီယံ-ဘရာဇီးလျားကော်မတီကိုယ်စားလှယ်အဖွဲ့ သည် ဘရာဇီးလျားဖက်ဒရယ်နယ်မြေ၊ ဆမ်မာဗားရားအုပ်ချုပ်မှုဒေသသို့ သွားရောက်၍ JBS ကုမ္ပဏီလက်အောက်ရှိ Seara ကြက်သားထုတ်လုပ်မှုစက်ရုံသို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ JBS ကုမ္ပဏီနှင့် အာဆီယံနိုင်ငံများအကြား အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ၁၄:၀၀ နာရီတွင် ကုမ္ပဏီတာဝန်ရှိသူများက အာဆီယံ-ဘရာဇီးလျားကော်မတီကိုယ်စားလှယ်အဖွဲ့အား JBS ကုမ္ပဏီလက်အောက်ရှိ Swift Meat Point စားသောက်ဆိုင်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
*******



