မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ခြင်း

(၁၉-၃-၂၀၂၀ ရက်၊ ကင်ဘာရာမြို့)

မြန်မာသံအမတ်ကြီး ဦးသာအောင်ညွန့်သည် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းပညာတော်သင်များ၊ မြန်မာကျောင်းသား၊ ကျောင်းသူများအား ၁၈-၃-၂၀၂၀ ရက်တွင် ဖိတ်ခေါ်တွေ့ဆုံ ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက လတ်တလောအခြေအနေအရ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး အခြေအနေများကို မေးမြန်းခဲ့ပြီး၊ လက်ရှိဖြစ်ပွားလျက်ရှိသည့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ အစိုးရများမှ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေညာချက်အရ လည်းကောင်း၊ ရောဂါကူးစက်ပျံ့နှံ့သည့် အခြေအနေအရလည်းကောင်း၊ မြန်မာပြည်သူများအပေါ် ကျရောက်နိုင်သည့် အန္တရာယ်ကို ထိန်းချုပ်ကန့်သတ် သွားနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံအစိုးရမှ ကြိုတင်ကာကွယ်မှု အစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်ပြန်သော Covid-19 ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း မြန်မာသံရုံး၊ ကင်ဘာရာမြို့၏ Facebook စာမျက်နှာတွင် ဖော်ပြထားပေး ပါကြောင်းနှင့် မြန်မာသံရုံးသို့လည်း အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာကျောင်းသားများက Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် တက္ကသိုလ်များကို ပိတ်ထားပြီး online မှ ပညာသင်ကြားလျက်ရှိကြောင်း၊ ယင်းအခြေအနေတွင် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် သင့်/ မသင့်၊ ကင်ဘာရာမြို့ရှိ ဈေးဝယ်စင်တာများ၌ စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုအခြေအနေနှင့် ကောင်စစ်ဆိုင်ရာနှင့် ပြည်ဝင်ဗီဇာ ကိစ္စများနှင့်စပ်လျဉ်း၍ သိလိုသည့် အချက်အလက်များ မေးမြန်းမှုများကို သံအမတ်ကြီးမှ ပြန်လည်အားပေးစကားများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။