ဩစတြီးယား – မြန်မာလူမှုအဖွဲ့အစည်း (Austrian–Myanmar Society) ဥက္ကဋ္ဌဖြစ်သူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခ Dr. Andrew Moritz ၏ ဖိတ်ကြားချက်အရ ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမင်းသိမ်းသည် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Philip Schonthal၊ ဩစတြီးယား-မြန်မာလူမှုအဖွဲ့အစည်းအဖွဲ့ဝင်များနှင့်အတူ ၈-၂-၂၀၂၃ ရက်တွင် ဗီယင်နာမြို့ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် ဆေးရုံသို့သွားရောက်လေ့လာခဲ့ ပါသည်။
အဆိုပါလေ့လာရေးခရီးစဉ်တွင် ဩစတြီးယား-မြန်မာလူမှုအဖွဲ့အစည်း ဥက္ကဋ္ဌ Dr. Andrew Moritz နှင့်အတွင်းရေးမှူးချုပ် Dr. Christoph Kurzmann တို့က ခရီးဦးကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ မြန်မာသံအမတ်ကြီးကလည်း ဩစတြီးယား-မြန်မာ လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များအား နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက ၂၀၂၃ ခုနှစ်သည် မြန်မာ-ဩစတြီးယား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀) ပြည့်မြောက်သော အခါသမယနှင့် တိုက်ဆိုင်သောနှစ်ဖြစ်ပါကြောင်း၊ ဩစတြီးယား-မြန်မာလူမှုအဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သောနှစ်များက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး အထူးသဖြင့် ဆေးဘက်ဆိုင်ရာကဏ္ဍတွင် ကူညီ ထောက်ပံ့ပေးခဲ့မှုများအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ နောင်တွင်လည်းမြန်မာနိုင်ငံသို့ အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။