မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းက ICDO ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ(၂၇-၅-၂၀၂၆၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာအခြေစိုက် အပြည်ပြည်ဆိုင်ရာ မတူကွဲပြားသည့် ယဉ်ကျေးမှုအဖွဲ့အစည်း (International Cultural Diversity Organization-ICDO) ဥက္ကဋ္ဌ Ms. Josipa Palac အား ၂၇-၅-၂၀၂၆ ရက်တွင် မြန်မာ သံရုံး၊ ဗီယင်နာမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ICDO ဥက္ကဋ္ဌက မြန်မာသံရုံး၊ ဗီယင်နာမြို့အနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathus) ၌ ကျင်းပမည့် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲ (Costumes of the World Show) တွင် ယခင်နှစ်များနည်းတူ ပါဝင်ဆင်နွှဲပေး စေလိုကြောင်းဖိတ်ခေါ်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီးကလည်း ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် ဩစတြီးယားနိုင်ငံတွင် မြန်မာနိုင်ငံ၏ ပုံရိပ် ပိုမိုမြှင့်တင်နိုင်ရေး အတွက် ခင်မင်ရင်းနှီးစွာဖြင့် ဆွေးနွေးအမြင်ချင်း ဖလှယ်မှုများ ပြုလုပ်ခဲ့သည်။
ICDO သည် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အခြေစိုက်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ် ၍ ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။